သူငယ်ချင်း

“ငါကစစ်ဗိုလ်မကြီးလုပ်မယ်.. နင်တို့တွေလူဆိုးလုပ်.. သေနတ်နဲ့ပစ်သတ်မယ်. ဒိုင်းညှောင့်.. ဒိုင်းညှောင့်” ဆိုပြီးငယ်ငယ်တုန်းက အတူပြေးလွှား ဆော့ကစားခဲ့ဘူးတဲ့ အနိုင်ကျင့်လို့ကောင်းခဲ့တဲ့ ငယ်သူငယ်ချင်းတချို့ကို သွားသတိရမိပါတယ်..
ကလေးတစ်ယောက်အနေနဲ့တုန်းကတော့ သူငယ်ချင်းဆိုတာ ဆော့ကစားတဲ့နေရာမှာ အဖော်ပြုတဲ့သူ.. ရန်ဖြစ်ဖို့အတွက် အထောက်အကူပြုပေးသူ၊ စိတ်ကောက်ဖို့အတွက် အမှီသဟဲပြုပေးသူလို့ပဲ သိခဲ့တယ်..
မူလတန်းကျောင်းသူဘ၀တုန်းက ထိုင်ခုံနေရာလုရင်း ခုံပေါ်ကပြုတ်ကျအောင် တွန်းချခဲ့ဘူးသူတွေ.. အလယ်တန်းကျောင်းသူဘ၀တုန်းက ဆံပင်နောက်မြီး (ကြွက်မြီး) အရှည်တွေ အပြိုင်ထားခဲ့သူတွေ(တစ်နေ့တစ်နေ့ စင်တီမီတာပေတံနဲ့တိုင်းပြီး ဆံပင်အရှည်ချင်းပြိုင်ရတာလည်းအမော.. တခါတလေဆို ငြင်းခုန်ရင်း ခဲတံတွေနဲ့ထထိုးကြတဲ့အထိတောင် ရန်ဖြစ်ခဲ့ဘူးတာ) ဟိုးတလောက သူတို့တွေနဲ့ ရန်ကုန်မှာ ပြန်တွေ့ကြပြန်တော့ ငါတို့ငယ်သူငယ်ချင်းတွေမဆုံတာကြာပေါ့လို့ ပြောရင်းရယ်ပြုံးနူတ်ဆက်မိကြပြန်ရော..
အခုအသက်ကလေးနည်းနည်းရလာတော့ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို အပြည့်မ၀မဟုတ်တောင် အတော်အတန်လေး နားလည်မိလာပြီလို့ ယူဆမိတယ်.. ကိုးကွယ်တဲ့ဘာသာချင်းမတူတာပဲဖြစ်ဖြစ်၊ မွေးဖွားရာနိုင်ငံချင်းမတူလို့ လူမျိုးချင်းမတူတာပဲဖြစ်ဖြစ်၊ အသက်အရွယ်တအားကြီးကွာခြားနေတာပဲဖြစ်ဖြစ်၊ မမြင်ဘူး မတွေ့ဘူးပေမယ့် အွန်လိုင်းကနေတဆင့် တကယ်ခင်မင်မူရပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မူရှိမယ်၊ တယောက်ခံစားချက်ကို တယောက်ကမျှဝေပြီး နားထောင်ပေးမယ်၊ စိတ်ညစ်တဲ့အကြောင်းရာပဲဖြစ်ဖြစ်၊ ပျော်ရွှင်တဲ့အကြောင်းရာပဲဖြစ်ဖြစ် မျှဝေခံစားပေးပြီး အကြံဥာဏ်ကောင်းတွေ ပေးနိုင်တဲ့သူမျိုး၊ ဘာအရောင်မှမပါတဲ့ သံယောဇဉ်အဖြူသက်သက်နဲ့ ပတ်သတ်တဲ့လူတိုင်းကို ကျွန်မရဲ့သူငယ်ချင်းအဖြစ်သတ်မှတ်ပါတယ်..
ဘာရယ်မဟုတ်..စာမရေးဖြစ်တာလဲကြာလို့… စိတ်ထဲမှာ ရှိတာလေးတချို့ချရေးမိတာပါ..
(သယ်ရင်းဝေဂျီးရေ.. အိုကေတယ်ဟုတ်.. နင်စိတ်ကောင်းရှိကြောင်း၊ ချောကြောင်းလှကြောင်း၊ ဘော်ဒီကြီးကြောင်းတွေ ထည့်မရေးလို့ ငါ့ကို စိတ်မဆိုးနဲ့နော်.. :D)

