ချစ်သော "မှန်"

အသက် ၁၅ ကျော်လို့ ၁၆နှစ်သမီး ကျွန်မက လှချင်ပချင်တဲ့အရွယ်ပေါ့..
ဘာတဲ့..သီချင်းတောင်ရှိသေး.. အပျိုဖြန်းဆိုလား..ဘာဆိုလား သိတော့ပါဘူး..
၁၀တန်းကျောင်းသူကျွန်မက chemistry ဘာသာအတွက် ရန်ကုန်မြို့လယ်မှာရှိတဲ့ နာမည်ကြီး ဆရာတစ်ယောက်ဆီမှာ ကျူရှင်ယူဖြစ်ပါတယ်..

ဒီနေ့ ကျူရှင်စတက်ရမယ့်နေ့ဆိုတော့ ကျွန်မလဲ ရှိသမျှ ပဲအကုန်ထုတ်တာပေါ့လေ…(မတ်ပဲ..ကုလားပဲ..ပဲစင်းငုံ၊စားတော်ပဲ… အကုန်ပေါ့)..
အ၀တ်အစားအသစ်တွေဝတ်၊ လှလှတွေပြင်.. မျက်နှာကိုလည်း မိတ်ကပ်လေးဘာလေးလိမ်း… ပီးတော့ ကျွန်မရဲ့ favorite ဖြစ်တဲ့ revlon အနီရဲရဲ နူတ်ခမ်းနီကို မေမေမသိအောင် ခိုးဆိုးပြီး ကျူရှင်ကိုဒိုးပါတယ်..

ဒီလိုနဲ့ ရောက်သွားတယ်ပေါ့..ရောက်အောင်သွားမှတော့ ရောက်မှာပဲလေ.. နော်..

ကျူရှင်ပေါ်မတက်ခင် ကိုယ့်ကိုကိုယ်ယုံကြည်မူရှိအောင် ပဲထပ်များဦးမှပဲလို့ စိတ်ကူးရတယ်... အင်း.. လမ်းဘေးမှာ မှန်ကြီးထုတ်ပြီး ကြည့်ရတာလည်း မဟုတ်သေးပါဘူး.. နည်းနည်းတော့ရှက်သလိုပဲ..

ပလက်ဖောင်းဘေးမှာရပ်ထားတဲ့ ကားတွေ.. ဒါဆိုရင်တော့ အိုကီပဲ.. ကားမှန်နဲ့ဆိုရင်ပဲ လုံလောက်ပါတယ်လေဆိုပြီး ကျွန်မလဲ ကားတစ်စီးနားအသာကပ်ပြီး..မှန်ကြည့်၊ ဆံပင်သပ်တင်၊
အင်.. နူတ်ခမ်းနီကနည်းနည်းပျက်နေပီ.. ခုနက ရေခဲမုန့်စားလိုက်လို့..

စိတ်မြန်လက်မြန်နဲ့ပဲ ကျွန်မလဲ ကျောပိုးအိတ်ထဲက နူတ်ခမ်းနီတောင့်ကိုထုတ်ပြီး ဆိုးနေတုန်းပဲ ဗြုန်းဆို ကားမှန်အနက်ကြီးက အောက်လျှောကျ.. စပ်ဖြီးဖြီးမျက်နှာကြီးတစ်ခုနဲ့ လူဝကြီးတစ်ယောက် ကျွန်မကို လျှာထုတ်ပြလေရဲ့…

ဖလားဖလား =( ကျွန်မလန့်လဲလန့်.. ရှက်လဲရှက်ပေါ့.. ဒါပေမယ့် ဘယ်ရမလဲ.. သူ့လိုပဲ ပြန်ပြုံးပြ၊ လျှာထုတ်ပြ၊ ပြီးတော့ မျက်စိတစ်ဘက်ပါမှိတ်ပြလိုက်တော့ ဘိုးတော်က မျက်လုံးတွေအရောင်တောက်ပြီး မျက်ခုံးတွေပင့်တက်သွားပါလေရော..

ကျွန်မလဲ ဒိုးပီဆရာရေဆိုပြီး ကျူရှင်ပေါ်ကို တချိုးတည်းလစ်တော့တာပါပဲ..

စာကြွင်း ။ ။ ကျွန်မသည် မှန်အလွန်ချစ်သောသူဖြစ်ပါသည်.. ရောက်လေရာအရပ်တွေ့ရာ နေရာတိုင်းတွင် တွေ့သောမှန်များအား ကြည့်တတ်သောအကျင့်ရှိပါသည်.. အထက်ပါဇာတ်လမ်းသည် ကျွန်မနှင့် ၀ါသနာတူ ချစ်သောအစ်မတစ်ယောက်၏ ဇာတ်လမ်းဖြစ်ကြောင်း၊ ကျွန်မအနေဖြင့် နည်းနည်းထပ်ကွန့်ထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်.. :P

အမှတ်ရမိသော အမှတ်တရတစ်ခု

"၀င်းအောင်.. ၀င်းအောင်.. ၀င်းအောင်"
နာမည်ခေါ်တာမဟုတ်ပါဘူး.. ကျွန်မနာမည်လဲ ၀င်းအောင်မဟုတ်ပါဘူး..
ဖုန်းမှာ ပေးထားတဲ့ DJ police ringtone က ထအော်တာပါ.. ဖုန်းလာနေတယ်လို့ဆိုလိုတာပါ..

တစ်ကယ်တော့ ကျွန်မက အင်းယားလမ်းက summear bull မဏ္ဍပ်မှာ. ရေပက်နေတာပါ..
ရေစိုခံအိတ်ထဲက ဖုန်းကိုကြည့်လိုက်တော့ ခေါ်တဲ့သူက ကျွန်မသူငယ်ချင်း အရူးဆိုတဲ့ကောင်...
အင်း.. ခုနက သူ့ကို အရေးတကြီးကိစ္စတစ်ခု ခိုင်းထားတာရှိတယ်..

“အေး...ပြော.. အင်း.. အဆင်ပြေပြီလား.. တွေ့ပြီလား..
အင်း.. ငါကဘယ်ကိုလာရမှာလဲ.. မီးပွိုင့်ထိပ်ကို.. အိုကေ.. အဲဒီမှာ နင်စောင့်နေမှာနော်..
သိပါတယ်ဟဲ့.. ငါတစ်ယောက်တည်း လာစရာလား.. လူတွေဒီလောက်တစ်ပြုတ်ကြီးကို.. တစ်ခါတည်း ပွဲချင်းပြီးသွားမှာပေါ့..သိတယ်..သိတယ်.. ပီးရော... ပီးရော.. အခုလာပြီ...
အပေါနဲ့လာမယ်လေ.. ကေ.. ဘိုင့် ”

ဖုန်းချပြီးပြီးချင်းပဲ သယ်ရင်း အပေါဆိုတဲ့ကောင်က ဘေးကနေ သွားဖို့အဆင်သင့်ပဲဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်..
ကျွန်မလဲ လိုအပ်မယ်ထင်တာလေးတွေ မဏ္ဍပ်အောက်က ဆိုင်မှာ ၀ယ်ပြီး လူတွေပြည့်သိပ်နေတဲ့ အင်းယားလမ်းထဲက ခပ်သွက်သွက်ပြေးကြပါတယ်..
ကျွန်မသယ်ရင်း အပေါရဲ့ ဘော်ဒီအကြီးကြီးက လှတပတကောင်မလေးတွေတွေ့ရင် စချင်နောက်ချင်တဲ့ ငနဲလေးတွေကို ကျွတ်သွားစေပါတယ်.. (ဘာတွေကျွတ်လဲဆိုပြီးလျှောက်မတွေးနဲ့နော်.. ခေတ်စကားကိုထည့်သုံးထားတာ.. :P)

မီးပွိုင့်ထိပ်ရောက်တော့ အရူးက ပြူးတူးပြဲတဲနဲ့ ကျွန်မတို့ကိုလက်လှမ်းပြတယ်..
နောက်တော့ သူဦးဆောင်ရာကို ကျွန်မတို့အပြေးလိုက်ရတာပေါ့..
ဘတ်စ်ကားမှတ်တိုင်ဘေးနားက လမ်းကြားလေးကိုဝင်တယ် (လမ်းနာမည်မမှတ်မိတော့ပါ. တစ်ဖက်ပိတ်လမ်းလေးပါ) ..

ပီးတော့ အဲဒီလမ်းကြားလေးထဲ သံဆူးကြိုးတွေ အောက်ကို ကုန်းကုန်းကွကွနဲ့ ၀င်ရပါတယ်.. ခြံကျယ်တစ်ခုထဲကိုရောက်သွားတယ်..ငှက်ပျောပင်တွေကတော့ အများကြီးပဲ..
ကျွန်မကိုယ်ပေါ်က ရေစိုနေတဲ့အ၀တ်အစားတွေနဲ့.. ငှက်ပျောပင်က ဖုန်တွေနဲ့ တွေ့တဲ့အခါ တော်တော်လေးလှသွားပါတယ်..

ခြေလှမ်း ၂၀လောက်လှမ်းပြီးတဲ့အခါမှာတော့ အိမ်အိုကြီးတစ်ခုကိုတွေ့ရပါတယ်..
အဲဒီအိမ်နားမှာ ဟင်းချက်နေတဲ့ အန်တီခပ်၀၀တစ်ယောက်ရယ်.. သနပ်ခါးကို ပေလူးနေအောင်လိမ်းထားတဲ့ အသက် ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ရယ်..သူတို့က အရူးကို ပြုံးပြတယ်. သိပြီးသားတွေကိုး...
ပြီးတော့ အိမ်ရဲ့အနောက်ဘက်ကို လက်ညှိုးထိုးပြပြီး “ အဲဒီဘက်မှာ.. သွား.. သွားတဲ့ ”

ကျွန်မလဲ ဟိုကောင်နောက်ကို အပြေးလိုက်ရတာပေါ့..
အိမ်အနောက်ရဲ့ညာဘက်ကိုချိုး.. ပြီးတော့ ဘယ်ဘက်ကိုချိုး..
“ ရောက်ပီ.. စိတ်ချလက်ချနေခဲ့တော့.. ငါတို့ရှေ့မှာစောင့်နေမယ် “ ဆိုပြီး သယ်ရင်း၂ကောင်ထွက်သွားမှ..
ကျွန်မလဲ ဒုက္ခကလွတ်တော့မယ်ဆိုတဲ့ ၀မ်းသာစိတ်နဲ့ အိမ်သာထဲကို ၀င်ရပါတယ်... :P

ကျွန်မပြန်ထွက်လာတော့ ဟို၂ကောင်က အိုးမဲတွေနဲ့ ကမြင်းနေလေရဲ့..
ကျွန်မလဲ အန်တီဝတုတ်ကို ကျေးဇူးတင်ကြောင်းပြော.. ကလေးမလေးကို မုန့်ဖိုးဆိုပြီး ၅၀၀ တန်လေးတစ်ရွက်ထုတ်ပေးပြီး.. ရေကစားရာနေရာကို ဘော်ဒီဂတ်၂ကောင်နဲ့ ပျော်ရွှင်စွာ ပြန်လာခဲ့ပါတော့တယ်.. =)

(၂၀၀၃ လား ၂၀၀၄ လား မမှတ်မိတော့ဘူး.. အဲဒီတုန်းက အဖြစ်အပျက်လေးပါ.. မဏ္ဍပ်အောက်မှာ အပေါ့သွားချင်သူများအတွက်အဖြစ်လုပ်ထားတဲ့ အိမ်သာလေးတွေရှိပါတယ်..ကျွန်မက အလေးသွားချင်တာ.. ကန်ဘောင်ကအိမ်သာ ဆိုရင်လဲ ဟိုးဘက်ကိုတော်တော်လေးထွက်ရမှာရယ်.. လူတွေများပြီး ညစ်ပတ်မှာရယ်ကြောင့်.. အခုလို အေးဆေး၊လုံခြုံ၊ အချိန်စိတ်ကြိုက်အသုံးပြုနိုင်မယ့် အိမ်သာကို သက်စွန့်စံဖျားလိုက်ရှာတာပါ)